ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ      ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မင်းဘာကြီးလမ်း (ကျောင်းကြီးလမ်းမှ ဦးဥတ္တမ လမ်းထိ) အုတ်ရေမြောင်း၊ ပလက်ဖောင်းနှင့် Box culvert (၇) စင်ပြုခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြား ရေးမှူး ဦးကျော်မိုးက လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပလက်ဖောင်းနှင့် အုတ်ရေမြောင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေယာဉ်ကွင်းအတွင်း နားနေ ဆောင်ရှေ့ ယာဉ်ရပ်နားကွင်းနှင့် နားနေဆောင်ပတ်လမ်းများ ကတ္တရာ ကွန်ကရစ် (AC) ခင်းခြင်းနှင့်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီး နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့်ဒေသဖြစ်၍ အရေအသွေးကောင်းမွန်စေရေး စေတနာထားကာ စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားကာ ရေမြောင်းများ ပြုလုပ်ခြင်း၊ ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လေယာဉ်ကွင်းအနီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးဆောင်ရွက်မည့် အစီအမံများအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပသော လက်ရက်ကန်း(၆)လသင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(စစ်တွေ) အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှာ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရရှိခဲ့သော လူငယ်လူရွယ်များကို ရက်ကန်းအတတ်ပညာ သင်ကားပေးခြင်းဖြင့် အသက်မွေးဝမ် းကျောင်းလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန်နှင့် နိုင်ငံအတွင်းရှိ နိုင်ငံပိုင်ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင် ရက်ကန်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန် ရည်ရွယ်၍ ပုံမှန်ရက်ကန်း သင်တန်းများဖြစ်သည့် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းများကို နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သော လက်ရက်ကန်း(၆)လတာအတွင်း သင်တန်းသူများအား သင်တန်းနည်းပြများက ရက်ကန်းပညာရပ်များကို စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ ကြကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သော ရက်ကန်း ပညာရပ်များဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်စေရန်နှင့် ခေတ်ကာလ နှင့်အညီ ရိုးရာအဆင် ဒီဇိုင်းများကိုလည်း ဖန်တီးထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝင်ရက်ကန်း ထည်များ ထုတ်လုပ်လာနိုင်သည်အထိ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန် ပြောကြား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုငွေ နှင့်ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများက သင်တန်းနည်းပြများနှင့် သင်တန်းသူများအတွက် ချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ် များကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ  နှုတ်ဆက်ကာ သင်တန်းသူများ၏ ရက်ထည်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ ကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)