ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး Voter Slip များ တစ်အိမ်တက်ဆင်းဖြန့်ဝေပေး

ဒဂုံအရှေ့ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးတစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရပ်ကွက်များအလိုက် ယမန်နေ့ နံနက်ပိုင်းကစတင်၍ ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း Voter Slip များ ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းအမှတ်စဉ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ