နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၁၇

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်စေမည့် ဉာဏ်ရည်၊ နှလုံးရည်၊ တွေးခေါ် မြော်မြင်ဆင်ခြင်နိုင်မှုစွမ်းအားများ မြင့်မားသော နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်မည့် အရည်အသွေးမြင့်မားသော ထူးချွန်ထက်မြတ်သည့် အင်ဂျင်နီယာပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ ၁၆၄ ဦးအတွက် ငွေကျပ် ၂၉၂၀၀၀ဝိ/-(နှစ်ဆယ့်ကိုးသိန်း နှစ်သောင်းကျပ်)ကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်ဇော်လတ်နှင့် ကျောင်းသား၊ ကျောင်းသူများထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က သင်ကြား၊ သင်ယူမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေ ပေးခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး သယံဇာတရေးရာဝန်ကြီးနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)ရူပဗေဒဌာနမှူးတို့က King & Queen ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပထမနှစ်မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်၊ ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ် (ဘားအံ)အဖြစ် အဆင့်ဆင့် တိုးတက်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အင်ဂျင်နီယာစုစုပေါင်း ၃၉၉၂ ဦးကိုမွေးထုတ်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၀ ဒဿမ ၄၆၉ သန်းဖြင့် ၁၅၀ပေ x ၈၅ ပေ အတိုင်းအတာ ဖူဆယ်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)