တာမွေ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက် ပေးနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်း မဲရုံအဖြစ် ဆောင်ရွက်မည့် လျာထားမဲရုံနေရာများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ ဦးဆောင်ပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ တာမွေမြို့နယ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးယုလေးအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီတို့မှ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ မဲရုံအမှတ်(၄)နှင့် နတ်မောက်ရပ်ကွက်ရှိ မဲရုံအမှတ်(၁)တို့၏ မဲပေးစက်များနှင့် မဲရုံသတ်မှတ်အကျယ်အဝန်း၊ မဲရုံအခင်းအကျင်းနှင့် မဲရုံအပြင်အဆင်များ၊ လုံခြုံရေးပိုင်းဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့်လည်း မဲရုံသို့ လာရောက်မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် အဝင်/အထွက် လမ်းကြောင်းများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်းအစီအမံ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆောင်ရွက်ထားသည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယမြို့တော်ဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အပိုင်း(၃)အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)