လှိုင် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ဦးညိုထွန်းက ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ လှိုင်မြို့နယ်စာရေး ဆရာအသင်းနာယက ဆရာမင်းဆက်ပိုင်က “အမြင့်ဆုံးရောက်မှ အဝေးဆုံးကိုမြင်နိုင်မယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများကို ပျော်ရွှင်စွာကစားခဲ့သည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)