ဘားအံ ဇန်နဝါရီ ၁၆
နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်စေမည့် ဉာဏ်ရည်၊ နှလုံးရည်၊ တွေးခေါ် မြော်မြင်ဆင်ခြင်နိုင်မှုစွမ်းအားများ မြင့်မားသော နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်မည့် အရည်အသွေးမြင့်မားသော ထူးချွန်ထက်မြတ်သည့် အင်ဂျင်နီယာပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ပထမနှစ်မောင်မယ်သစ်လွင် ကျောင်းသား၊ကျောင်းသူ ၁၆၄ ဦးအတွက် ငွေကျပ် ၂၉၂၀၀၀ဝ(နှစ်ဆယ့်ကိုးသိန်း နှစ်သောင်းကျပ်)ကို ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်နှင့်ကျောင်းသား၊ကျောင်းသူများထံ ချီးမြှင့်ပေးအပ် သည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က သင်ကြားသင်ယူမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး သယံဇာတရေးရာဝန်ကြီးနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)ရူပဗေဒဌာနမှူးတို့က King & Queen ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပထမနှစ်မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်၊ ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်(ဘားအံ)အဖြစ် အဆင့်ဆင့်တိုးတက်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အင်ဂျင်နီယာစုစုပေါင်း ၃၉၉၂ ဦးကိုမွေးထုတ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၀ ဒသမ ၄၆၉ သန်းဖြင့် အလျားပေ ၁၅၀ ၊ အနံ ၈၅ ပေ ဖူဆယ်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)