သံတောင်ကြီး ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက် နေ့လယ် (၁) နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပြုလုပ်ရခြင်းရည်ရွယ်ချက်၊ စာဖတ်ခြင်းအကျိုးကျေး ဇူးနှင့် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရန်၊ ကလေးအလုပ်သမားများပပျောက်ရေး ရည်မှန်းချက်(၃)တို့အား ဟောပြောပေးပြီး ဒုတိယဦးစီးမှူး နော်နီလာအေးက ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ခန့်မည့် ကလေးများအသက် (၁၄) နှစ်ပြည့်ပြီး ဖြစ်စေရန်၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ယူရေး တိုက်တွန်းစီစဉ်ဆောင်ရွက်ပေးရန် စသည့် အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)