ဘားအံ ဇန်နဝါရီ ၁၅
နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရတပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၁)(၁/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူတစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီ ရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွပူးပေါင်း၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၁)(၁/၂၀၂၆)တွင် သင်တန်းတက်ရောက်၍ စစ်ပညာရပ်များသင်ကြားကြမည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ နယ်မြေခံတပ်မတော်အရာရှိကြီးများက နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)