ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀) ကျောင်းသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ဘားအံ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမှိုက်များခွဲခြားစွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းသို့ အမှိုက်ပုံးများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ရေးနည်းလမ်းအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန်၊ ကျောင်းနေအရွယ်ကလေးများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် နေထိုင်မှုပုံစံနှင့်အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်ပေး အပ်ခြင်းဖြစ်ကြောင်း၊ ကျောင်းဝင်းအတွင်း အမှိုက်ပုံးများ၊ ကျင်းများထားရှိခြင်း၊ စွန့်ပစ်အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်တတ်ခြင်းတို့မှ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရုံသာမက ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းသားမိဘများ၊ ရပ်ရွာပြည်သူများအထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဆိုပါက သန့်ရှင်းသာယာသည့်ကျောင်းမှအစပြု၍ သန့်ရှင်းသည့်ကျေးရွာ၊ သန့်ရှင်းသည့်မြို့အထိ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အထက်တန်း ကျောင်း(ခွဲ)နှစ်ကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်း၊ မူလတန်းကျောင်းသုံးကျောင်း စုစုပေါင်း ၁၀ ကျောင်းအတွက် ငွေကျပ်နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းတန်ဖိုးရှိ အမှိုက်ပုံး ၁၃ စုံ (၃၉ လုံး) လွှဲပြောင်းပေးအပ်ခဲ့ရာ အခြေခံပညာကျောင်းများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

စွန့်ပစ်ပစ္စည်းများကိုစနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံး(၄)မျိုးခွဲခြားစွန့်ပစ်ရမည်ဖြစ်သော်လည်း အခြေခံပညာကျောင်းများတွင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းထွက်ရှိမှု မရှိသလောက်ဖြစ်သည့်အတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်ပုံးအမျိုးအစား (၃)မျိုးထားရှိခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံး (၃)ပုံး(၁)စုံကို လွှဲပြောင်းပေးခဲ့ပြီး အထက်တန်းအဆင့်ကျောင်းများသည် ကျောင်းပရိဝုဏ်ကျယ်ဝန်း သည့်အတွက် အမှိုက်ပုံး(၂)စုံကို ပေးအပ်ခဲ့ကာ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီအနေဖြင့် ခရီးစဉ်ဒေသ(၁၅)ခုနှင့် သံလွင်တံတားတို့တွင် စုစုပေါင်းအမှိုက်ပုံး (၁၄၄)ပုံးနှင့် အမှိုက်အိမ်(၁၂)လုံးတို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)