မြဝတီ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများကို လစဥ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး သက်ဇော်ထွန်းက လူကုန်ကူးမှုပုံစံအမျိုးအစားများနှင့် လူကုန်ကူးမှုအန္တရာယ်ကင်းဝေးစေရန် သိရှိလိုက်နာရမည့်အချက်များ၊ လူမှုပတ်ဝန်းကျင်တွင်ကြုံတွေ့ရသည့်အွန်လိုင်း လိမ်လည်မှုဖြစ်စဥ်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သည့် မြူခိုးမြူငွေ့ အန္တရာယ်များ၊ တောင်ယာမီးရှို့မှုကြောင့် ဖြစ်ပေါ်စေမည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ စွန့်ပစ်ပစ္စည်း (၄)မျိုးခွဲခြား စွန့်ပစ်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းအောင်က သစ်တောသစ်ပင်၊ သစ်တောကြိုးဝိုင်းများ၏ အကျိုးကျေးဇူးများ၊ လူတစ်ဦးလျှင် သစ်ပင် (၅၃)ပင် စိုက်ပျိုးရန် လိုအပ်သည့် အကြောင်းအရာများ၊ သစ်တော၊ သစ်ပင်ပြုန်းတီးမှုနှင့်စပ်လျဥ်း၍ ကြုံတွေ့ရမည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များနှင်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူကာကွယ်ရေး၊ အခွင့်အရေး (၈)ချက် ဆိုင်ရာများနှင့်စပ်လျဥ်း၍ သိရှိလိုက်နာရမည့်အချက်များ၊ ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဒိတ်လွန်အစားအစာများနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက အသိပညာဗဟုသုတများ ကြွယ်ဝကြစေရန်၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန် ကျောင်းစာအပြင် စာပေဗဟုသုတများ လေ့လာဖတ်ရှုသည့်အလေ့အကျင့်များ ပျိုးထောင်ရန် နည်းလမ်းများအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ အလားတူ မွန်းလွဲ ၁ အချိန်၌ အခြေခံပညာအထက်တန်း(ဝါးတော)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)