ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဧည့်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ဟားခါး ဇန်နဝါရီ ၁၅

ဧည့်ဝန်ဆောင်မှုဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သင်တန်းတက်ရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဧည့်ဝန်ဆောင်မှုလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းအတွက် အင်မတန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဧည့်ဝန်ဆောင်မှုလုပ်ငန်းကောင်းမွန်ခြင်းကြောင့် ထိုင်းနိုင်ငံအတွက် ဝင်ငွေ အများ အပြား ရှာဖွေပေးနေသည်ကို တွေ့ရှိရကြောင်း၊ ချင်းပြည်နယ်အတွင်း ရောက်ရှိလာသည့် ဧည့်သည် များကို ကောင်းကောင်းမွန်မွန်၊ အဆင်ပြေပြေဧည့်နိုင်ပါက ချင်းပြည်နယ်၏ပုံရိပ် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် လက်တွေ့ကျသည့်သင်တန်းဖြစ်ကြောင်း၊ ဧည့်ခံပွဲသည် လူ့အတိုင်းအဝိုင်းတွင် အမြဲတမ်းရှိနေကြောင်း၊ ဧည့်ခံဧည့်ကြိုသည့်အတတ်ပညာကို တက်မြောက်ပြီး ပညာအစွမ်းနှင့် ပေါင်းစပ်နိုင်ပါက ဧည့်သည်များ စိတ်ချမ်းသာမှုရရှိပြီး မိမိတို့၏ ဒေသ၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြင့်မားလာကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ် လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်လူကြီးပုဂ္ဂိုလ်များသည် ပြည်နယ်တစ်ခု၏ ကောင်းကျိုး ၊ ဆိုးကျိုးများကို ဖန်တီး၊ သယ်ပိုးလာနိုင်သည့်သူများဖြစ်သဖြင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကိုလည်း ကောင်းကောင်းမွန်မွန် ဧည့်ဝန်ဆောင်မှုပေးနိုင်ရန်လည်း လွန်စွာအရေးကြီးကြောင်း ၊ ဤသင်တန်း သို့ တက်ရောက်လာကြသည့်သူများအနေဖြင့် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသွားပါကလည်း မိမိတို့၏ တူ၊ တူမများကို ဆင့်ပွားသင်တန်းပေး၍ရသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အနာဂတ်ကို လှမ်းမျှော်ကြည့်မည်ဆိုပါက ဟိုတယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိပါကြောင်း၊ သို့ဖြစ်ရာ ဟိုတယ်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းအတတ်ပညာကို တက်မြောက်သူ အများအပြား အဆင်သင့်ရှိနေရန် လိုအပ်ပါကြောင်းနှင့် သင်တန်းတက်ရောက်သူများအနေဖြင့် ရရှိသည့်သင်တန်း ချိန်အတွင်း အကောင်းဆုံး ကြိုးစားသင်ကြားစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးကြောင်းနှင့် သင်တန်းမှာ တစ်ရက်တာသင်တန်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)