စစ်တွေ ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ မြို့ဝင်မုခ်ဦး တည်ဆောက်ရေးရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး၊ အချိန်မီ ပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဝင်မုခ်ဦး တည်ဆောက်နေမှု လုပ်ငန်းခွင်နှင့် မုခ်ဦးအနီး မြေယာရှုခင်းဆောင်ရွက်မည့်နေရာများ၊ မုခ်ဦးအဝင် လမ်း ကောင်းမွန်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မည့်အစီအမံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ သားဖွားခန်း အဆောက်အဦ ဆောက်လုပ်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေးကြရာ စစ်တွေခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်နယ်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့(၁/၂၀၂၆)သို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဌာနဆိုင်ရာများ အတူတကွလက်တွဲ၍ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အခြားဒေသများတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား နယ်မြေဒေသပြန်လည် ကောင်းမွန်လာပါက မိမိတို့ဒေသတွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ထားရှိကြရန်နှင့် ဌာနကင်းကွာ ဝန်ထမ်းများအား တာဝန်ရှိသူများက စိစစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ထို့ပြင်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေအရ ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်သည့် ဝန်ထမ်းတို့၏ အခွင့်အရေးကို အလေးထားဆောင်ရွက်ပေးရမည် ဖြစ်သည့်အတွက် လုပ်ငန်းခွင်ပျော်ရွှင်မှု ရရှိရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေးအစီစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုလည်း ပေးအပ်ကူညီလျက်ရှိပြီး နေရပ်စွန့်ခွာ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အဆောက်အဦများ ဆောက်လုပ်ပေးခဲ့ကြောင်း၊ ထို့ပြင် ဘာသာရေးအ ဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများနှင့် လမ်းမီးတိုင်များကို ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သော မြို့နယ်များတွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုထားသောလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ သုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြရန် အလေးအလွင့်မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် အလေးထားပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့၏ ခေါင်းဆောင်မှု အရည်အသွေးများနှင့်အညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများ သန့်ရှင်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံ စားသောက်ကုန်များ ပေးအပ်ချီးမြှင့်နေမှုနှင့် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချနိုင်ရေးဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ပြည်နယ်အဆင့်ဌနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းအား ဂုဏ်ပြုအမှတ်တရလက်ဆောင် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)