စစ်တွေ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီးအား ဖူးမြော်ကြပြီး၊ ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများ၊ ရေယာဉ်များဖြင့် လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရားကြီးအား ဖူးမြော်ကြည်ညိုကြကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရန်ပြေမာန်ပြေဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး အဆိုပါဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်က ဘက်စုံသုံးဆိပ်ကမ်း၏ ရေစူးအတိမ် အနက် အခြေအနေများ၊ မြစ်ကြောင်းတူးဖော် ဆောင်ရွက်ရမည့် အခြေအနေများ၊ သင်္ဘောများ ဝင်ရောက်ဆိပ်ကပ်နေမှုများ၊ ကုန်ပစ္စည်းများ အတင်အချပြုလုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်အကြံပြုရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စီမံချက်များ ရေးဆွဲ၍ စနစ်တကျတင်ပြဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမ်ဗွီအောင်ရတနာ (၁) သင်္ဘော၊ အမ်ဗွီရဲထွန်းအောင် (၁) သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီအောင်ရတနာ (၁) သင်္ဘောတွင် ဆန်နှင့်အခြေခံစားသုံးကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရဲထွန်းအောင် (၁) သင်္ဘောပေါ်မှ ဆန်နှင့်အခြေခံ စားသောက်ကုန်များကို ကုန်တင်ကုန်ချပြုလုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီအောင်ရတနာ (၁) သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ တန်ချိန် ၅၅၀ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီရဲထွန်းအောင် (၁) သင်္ဘောတွင် ဆန်နှင့်အခြေခံစား သောက်ကုန်ပစ္စည်းများ တန်ချိန် ၁၁၁၈ ဒသမ ၂ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)