ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့်အထိမ်းအမှတ် အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲနှင့်ဆုချီးမြှင့်

စစ်တွေ       ဇန်နဝါရီ  ၁၀

စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၊ ဝင်္ကဘာကွင်းရှေ့၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသားအလွတ်တန်းမီနီ မာရသွန်ပြိုင်ပွဲအား စတင်ဖွင့်လှစ်တာလွှတ်ပေးပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးအလွတ်တန်းမီနီ မာရသွန်ပြိုင်ပွဲတို့ကို စတင်တာလွှတ်ပေးကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၊  ဝင်္ကဘာကွင်းရှေ့မှ  စတင်ကာ ပြိုင်ပွဲဝင်ကြပြီး ဦးဥတ္တမလမ်း - မင်းဘာကြီးလမ်း - ရွာကြီးလမ်း၊ လမ်းမကြီး - နာရီစင်သစ် - ရှုခင်းသာလမ်း - ရှုခင်းသာလမ်း (တြိဂံလမ်းဆုံ) - လမ်းမကြီး - ပြည်ထောင်စုလမ်း - သတ္တဌာနလမ်း - မေယုလမ်း - မင်းဘာကြီးလမ်း - ဦးဥတ္တမလမ်း - ဝင်္ကဘာကွင်းရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား  ဆုများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက အမျိုးသမီးအလွတ်တန်းမီနီ မာရသွန်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၇)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့ ရှုခင်းသာလမ်း၊ အပိုင်း(၃) ပွိုင့်စခန်းမှ စစ်တွေဟိုတယ်လမ်းဆုံအတွင်း ကျောက်စီရေတားနံရံ၊ ပလက်ဖောင်း၊ ကွန်ကရစ်လမ်း တိုးချဲ့ခင်းပေးခြင်း၊ ပျက်စီးသွားသောလမ်းပိုင်းအား အသစ်ပြန်လည်ခင်းပေးခြင်းလုပ်ငန်းများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး