ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း(၁)(၂)ဆည်တည်ဆောက်ရာတွင်ပါဝင်းသည့် လယ်မြေများအား မြေယာလျော်ကြေး ကျပ်သိန်းခြောက်သောင်းကျော်ပေးအပ်

စစ်တွေ  ဇန်နဝါရီ  ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း(၁)(၂) ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေများအတွက် မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက်းက ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ရခိုင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်မှ ဒေသခံတောင်သူများကို မြေယာလျော်ကြေးပေးအပ်သည့် နှုန်းထားသည် ယခုကာလပေါက်ဈေးနှင့်တွက်မည်ဆိုပါက အလွန်သင့်တော်သည့်နှုန်းထားဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သည့် လယ်ယာမြေများကို နိုင်ငံတော်စီမံကိန်းတွင် အသုံးပြုရန်ပေးအပ်သည့်အတွက်အထူးကျေးဇူးတင်ကြောင်းနှင့် လိုအပ်သည့်ကိစ္စများကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

  ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ် မြေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဆည်တည်ဆောက်ခြင်းကြောင့် ဒေသခံပြည်သူများ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် မြေယာများစီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူနှင့် တာဝန်ရှိသူများက မြေယာလျော် ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် တောင်သူများမှ မိမိတို့သိရှိ လိုသည်များကို မေးမြန်းကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သည်။

ဆက်လက်၍ လယ်ယာမြေများအအတွက် မြေယာလျော်ကြေးများပေးအပ်ရာ ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံတောင်သူ(၅၅)ဦးပိုင်ဆိုင်သည့် လယ်ယာမြေဧက (၁၂၅ ဒသမ ၆၀) ဧကအတွက် မြေယာ လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၆၆၆၅၁၈၂၃၀၅ ကို ငွေသားထုတ်ပေးခြင်း ငွေစုဘဏ်စာရင်း ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း(၁)(၂)ဆည်တည်ဆောက်မည့်လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ -  တင်ထွန်းဦး