စစ်တွေ ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦအား အကြီးစားပြုပြင်နေမှုနှင့် စစ်တွေမြို့၊ နာရီစင် (အဟောင်း) ကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အဦအား အကြီးစားပြုပြင်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦအား အကြီးစားပြုပြင်နေမှု၊ ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဆက်လက်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်အဆောက်အဦ ပင်မဆောင်ပြုပြင်နေမှု၊ အစည်းအဝေးခန်း၊ ရုံးခန်းများ ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွှတ်တော်ရိပ်သာ၊ ထမင်းစားဆောင်နှင့် ရုံးခန်းများအား ပြုပြင်နေမှုနှင့် လွှတ်တော်ဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ နာရီစင်(အဟောင်း) ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက စစ်တွေမြို့၊ နာရီစင် (အဟောင်း) ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်ပွဲတော် ကျင်းပမည်ဖြစ်သည့်အတွက် နာရီစင်အား အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရန် စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)