ဘားအံ ဒီဇင်ဘာ ၂၇
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ စတုတ္ထပတ် (နောက်ဆုံးပတ်) ကို ယနေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။
ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၃၀၀၀ ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်း၊ အ.ထ.က (၄) ကျောင်းလမ်း၊ မန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်၍ သီရိကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြကာ အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ် (၁)၊ အမှတ် (၂) နှင့် Physical Fitness Dance တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ယှဉ်နွှဲကြသူများအား အကောက်ခွန်ဦးစီးဌာန၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်တို့မှ နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး ဒီဇင်ဘာလူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးပတ်အနေဖြင့် ဗလာမပါကံစမ်းမဲများကို ဖွင့်ဖောက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရေခဲသေတ္တာ၊ ဒုတိယဆုစက်ဘီး၊ တတိယဆုတီဗီရရှိသူများကို ဆုများပေးအပ်ချီးမြှင့်၍ ကျန်ရှိသောဆုများကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဗလာမပါကံစမ်းမဲပေါင်း ၃၀၀၀ ခန့်ကို ဖွင့်ဖောက်ပေးခဲ့ကြသည်။
အလားတူ ဒီဇင်ဘာလူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) ဖြစ်သည်နှင့်အညီ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့် Small Goal သွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲများကို ထည့်သွင်းကျင်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခြေခံပညာအဆင့်အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများနှင့် အဆင့်မြင့်ပညာအဆင့်အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယ၊ တတိယဆုရရှိသောအသင်းများကိုလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာအဆင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောအသင်းများ၊ အခြေခံပညာအဆင့်အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသောအသင်းများနှင့် အဆင့်မြင့်ပညာအဆင့်အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယ၊ တတိယဆုရရှိသော အသင်းများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက အဆင့်မြင့်ပညာအဆင့် အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သူနာပြု-သာဖွားသင်တန်းကျောင်း အသင်းအားငွေသားဆု (၃) သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဆင့်မြင့်ပညာအဆင့် အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံပညာရေးဒီဂရီကောလိပ်အသင်းအား ငွေသားဆု (၃) သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)