စစ်တွေ ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ အနောက်ပိုင်း တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှစ၍ အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ ဆုံးရှုံးမှုူမရှိစေရေးနှင် မသာမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် (၃)မြို့နယ်တွင် မြေပြင်ကွင်းဆင်းပြီး တစ်အိမ်တက်ဆင်း (Door to Door) မဲစာရင်းတိုက်ဆိုက်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် (၁၉၅၈၈၈)ဦးက မဲရုံပေါင်း (၁၆၄)ရုံတွင် မဲပေးသွားကြမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးအရေးကြီးသကဲ့သို့ မဲမသာမာမှုဖြစ်စဉ်များမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အားလုံးတာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးချင်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတစ်ခု၏ ဂုဏ်ဒြပ်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီကျင့်စဉ်ကို အကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲများကို ကျင်းပရမည်ဖြစ်ပြီး နိုင်ငံအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲများဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် ရွေးကောက်ပွဲနေ့ မဲပေးခြင်းတစ်ခုတည်းမဟုတ်ဘဲ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲပေးခြင်းများ ဥပဒေနှင့်အညီဖြစ်စေရေးနှင့် သတ်မှတ်ကာလများအတွင်း စနစ်တကျမဲပေးနိုင်ရေး၊ မဲစာရင်းဖောင်းပွမှုများ၊ မဲမသာမာမှုများ မဖြစ်ပွားစေရေးစနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများအားလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းက လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်အရာရှိကြီးများက လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် မဲဆန္ဒရှင်များ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာသွားလမ်း (၀/၇ ဒသမ ၃၃)မိုင် အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအားရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေ - ပလ္လင်ပြင်လမ်းအား အပိုင်းလိုက် ကွန်ကရစ်ခင်းခြင်းနှင့် မြေသားတာဘောင် ဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းပေါ်တွင် လမ်းပခုံးပြုလုပ်ခြင်း၊ မြေကာနံရံပြုလုပ်ခြင်း၊ ရေနှုတ်မြောင်းများပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သို့ လှူဒါန်းသည့် ရေပေးဝေရေးဆိုင်ရာ ပစ္စည်းများအား သွားရောက်ကြည့်ရှုကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လှူဒါန်းသည့်ပစ္စည်းများအား စနစ်တကျလက်ခံထားရှိမှုနှင့် ပါဝင်သည့်ပစ္စည်းများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှူဒါန်းသည့်ပစ္စည်းများအား ခင်းကျင်းပြသထားရှိမှုအား လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပစ္စည်းများအား စနစ်တကျထိန်းသိမ်းပြီး အသုံးပြုသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)