ရန်ကုန် မေ ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သူများအား ဆုတံဆိပ်၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းလျာထားချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့တော်ဝန်မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် ဝန်ထမ်း(၁၉)ဦးကို ဆုတံဆိပ်နှင့် ဂုဏ်ပြုကတ်များအားလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ဆုရရှိသည့်ဝန်ထမ်း(၇)ဦးကို ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအားလည်းကောင်း ချီးမြှင့်ပေးအပ်ပြီး စည်ပင်သာယာရေးဝန်ကြီးနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အရာထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီယာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်မှ “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့သည် မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်၍ စိတ်စေတနာကောင်းဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်အဝဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် ပြည်သူများအတွက် ဝန်ဆောင်မှုပေးရာတွင်လည်း ဥပဒေနှင့်အညီ စိတ်စေတနာထား ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြေပြင်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ အပတ်စဉ်သောကြာနေ့တွင် မိမိတို့ ရုံး၊ ဌာန၊ အဆောက်အဦတို့ကို ရုံးဝန်ထမ်းများက သန့်ရှင်းရေးဆောင်ရွက်ကြသကဲ့သို့ အပတ်စဉ် စနေနေ့တွင်လည်း မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူအများ သွားလာသည့်နေရာများတွင် သန့်ရှင်းသာယာသပ်ရပ်စေရေး စနေအထူးစုပေါင်းသန့်ရှင်းရေးအနေဖြင့်ဆောင်ရွက်ကြစေလိုကြောင်း” မှာကြားပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)