အမ်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

အမ်း ဇွန် ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ခရိုင်/မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း(၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ(၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း ၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ကျောင်းသား   ကျောင်းသူ(၁၇)ဦးက မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံး လူညွန့် တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့၊ မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက် တွဲစို့၊ ခွဲခြားနှိမ့်ချကင်းစင်ဝေး ကာကွယ်ရေးကို အလေးပေး လူသားအားလုံးကျန်းမာရေး  စသည့် ခေါင်းစဉ်များထဲမှ မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ကိုရွေးချယ်၍ ပြိုင်ပွဲဝင်ကြကြောင်း သိရှိရသည်။

ပြိုင်ပွဲကျင်းပရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ)ဒုတိယရဲမှူးကြီးဝင်းနိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိူးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်