ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

စစ်တွေ ဇွန် ၁၂

ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသင်တန်းခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရခိုင်ပြည်နယ်သည် မိုးများသောဒေသဖြစ်သည့်အတွက် မိုးရာသီတွင် မိုးစပါးကိုအဓိကထား၍ စိုက်ပျိုးထုတ်လုပ်ကြပြီး နွေစပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံစသည့် လယ်ယာကဏ္ဍသီးနှံများကို သီးနှံအလိုက်၊ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် နည်းပညာများ၊ နည်းပညာသစ်ဆိုင်ရာ သတင်းအချက်အလက်ကို တောင်သူများထံသို့ရောက်ရှိစေနိုင်ရန်နှင့် တောင်သူများအလွယ်တကူ လက်ခံကျင့်သုံးနိုင်ရန် နည်းပညာပေးသင်တန်းများ သီးနှံအလိုက်အထွက်တိုးနည်း ပညာပေးစံပြကွက်များဆောင်ရွက်လျက် သတင်းပေးလျက်ရှိကြကြောင်း၊ ထိုသို့ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည့် စိုက်ပညာရှင်ဝန်ထမ်းများအနေဖြင့် မိမိကိုယ်တိုင်နည်းပညာများကို သိရှိကျွမ်းကျင်နေမှသာ တောင်သူများအား နည်းပညာပေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှပို့ချပေးသည့် ပညာရပ်များကို စနစ်တကျလေ့လာမှတ်သားကာ တောင်သူများအတွက် အကျိုးရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ ဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတက်ရောက်လျက်ရှိပြီး ပြည်နယ်ဦးစီးမှူးနှင့် ကျွမ်းကျင်ပညာရှင်များက သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

တင်ထွန်း(ပြန်/ဆက်)