စစ်တွေ မေ ၂၈
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးဦးရာသီဖြစ်၍ သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ခဲ့သော အခြေအနေများကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကို မှတ်တမ်းပြုစုထားမှုအား အပြီးသတ်ဆောင်ရွက်ရေးအတွက် ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်ဟု သိရှိရကြောင်း၊ ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်တမ်းစာအုပ် အပြီးသတ် ထုတ်ဝေနိုင်ရေးအတွက် သတ်မှတ်ထားသည့် အစီအစဉ်များနှင့်အညီ ဆောင်ရွက်ကြရန်၊ အခက်အခဲနှင့် ဆုံးဖြတ်ပေးရန်၊ ပေါင်းစပ်ပေးရန် လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဆိုင်ကလုန်မုန်တိုင်း (မိုခါ)နှင့် ပတ်သက်၍ မှတ်တမ်းပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အတွင်းရေးမှူး ပြည်နယ် ဥပဒေချုပ်တို့က မှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မှတ်တမ်းပြုစုရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် မှတ်တမ်းများ ပြုစုထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးပြီး တက်ရောက် လာကြသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)