ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်နေမှုနှင့် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှု လှည့်လည်ကြည့်ရှု

စစ်တွေ မေ ၂၅

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီး၊ ရွှေပြားဈေးနှင့် သဲချောင်းဈေးတို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပေး နှိုးဆော်နေမှု၊ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုနှင့် ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိူးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်းကို လှည့်လည်အသိပညာပေး နှိုးဆော်နေမှု၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မ ဈေးကြီးအတွင်း သားငါးတန်း ဈေးသစ်ဆောက်လုပ်ပြီးစီးနေမှုနှင့် ဈေးကြီးအနီးရှိ ဆိပ်ခံတံတားတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေပြားရပ်ကွက်ဈေးနှင့် သဲချောင်းဈေးတို့တွင် ဌာနဆိုင်ရာ များနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်းကို လှည့်လည်အသိပညာပေး နှိုးဆော်နေမှု၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး သဲချောင်းဈေးတွင် ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုနှင့် ဈေးလာရောက်ဝယ်ယူနေကြများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ကာ မုန်တိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲချောင်းကျေးရွာရှိ မာရမာကြီးကျောင်းဟောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဲချောင်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦတွင် သဲချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံကာ မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ရွှေ့ပြောင်းရောက်ရှိလာသူများအတွက် ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရသည်။  

တင်ထွန်း(ပြန်/ဆက်)