ကျောက်ဖြူ မေ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး အခမဲ့ဖွင့်လှစ်ပြသလျက်ရှိသော အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ပြသနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုအားပေးသည်။
ထိုသို့လှည့်လည်ကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမသို့ သွားရောက်ပြီး အဆိုပါခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းပြသနေမှုတို့အား ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုဓာတ်ပုံများအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းကို သင်တန်းနည်းပြဆရာနှစ်ဦးမှ စာတွေ့လက်တွေ့ပြသလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း