စစ်တွေ မေ ၁၄
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းများအားလုံး ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီတာဝန်များကို စနစ်တကျ ထမ်းဆောင်နိုင်စေရေးအတွက်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအတွက် နိုင်ငံတော်မှ ဥပဒေနှင့်အညီ အခွင့်အရေးများ ပေးအပ်ထားသကဲ့သို့ ဝန်ထမ်းသည်လည်း သတ်မှတ်ပြဋ္ဌာန်းထားသော တာဝန်၊ ဝတ္တရား၊ စည်းကမ်းများကိုလည်း လိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်ထားပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအပြင် နိုင်ငံသားတိုင်း လိုက်နာရမည့် ဥပဒေများကိုလည်း ပြည်သူလူထုနည်းတူ သွားလာနေထိုင် လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်မှ လစာ၊ စရိတ်နှင့် အခြားအခွင့်အရေးများကို ရရှိခံစားကြသကဲ့သို့ နိုင်ငံတော်အပေါ်ကို လည်း သစ္စာစောင့်သိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ လူမှုမီဒီယာများမှာ မိမိ၏စိတ်ခံစားချက်များကို အားပေးအားမြှောက်ဖြစ်စေသည့် ရေးသားပြောဆိုခြင်းများကို မပြုလုပ်မိစေရန် အထူးသတိပေး ပြောကြားလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးနေရသည့် သူများဖြစ်သကဲ့သို့ ပြည်သူလူထု၏ လိုအပ်ချက်များ၊ အခက်အခဲများကိုလည်း တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုကြောင့် ပြည်သူလူထု အထင်လွဲမှားစေမည့် ပြုမူ၊ ပြောဆို၊ နေထိုင်မှုများကို ရှောင်ကျဉ်ကြရန်လည်းပြောကြားလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေး ပွဲသည် ဝန်ထမ်းများအတွက် များစွာအကျိုးရှိစေမည်ဖြစ်သည့်အတွက် မိမိတို့၏ဝန်ထမ်းဘဝ တစ်လျှောက်တွင် စနစ်တကျတာဝန်ထမ်းဆောင်နိုင်စေရန် အသိပညာများရရှိမည်ဟု မျှော်လင့်မိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ရခိုင် ပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို ရှင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း ၁၂၀ ဦးတက်ရောက်လျက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၄ ရက်ကြာဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)