ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး

စစ်တွေ မေ ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်နှင့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်အပ်ချီးမြှင့်ကြသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုတိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်း၊ ရင်ခေါင်းရောဂါစစ်ဆေးခြင်းနှင့် ultrasound ရိုက် စစ်ဆေးကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကာ လိုအပ်သောဆေးဝါးများကို အခမဲ့ထုတ်ပေးကြောင်း သိရသည်။   

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၁၇၄ ဦးကို ဆေးကုသပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)