ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၁၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV CHARITES သင်္ဘောဖြင့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ထင်အစားထိုးလောင်စာများကို တင်ဆောင်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာသော စားသောက်ကုန်များပစ္စည်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်း မပြုစေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

MV CHARITES သင်္ဘောပေါ်တွင် စုစုပေါင်းကုန်တန်ချိန် ၁၅၁၄ ဒသမ ၄၃ တန် တင်ဆောင်လာခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)