ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောက်ဖြူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

စစ်တွေ   မေ  ၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီအခြေခံ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ သင်တန်းဆရာများက အခြေခံရှေးဦးပြုစုနည်း သင်ကြားနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအတွက် နေ့လယ်စာနှင့် စားသောက်ဖွေရာများကို ထောက်ပံ့ပေးအပ်ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့ သွားရောက်ပြီး နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများကို အားပေးစကားပြောကြား၍ စားသောက်ဖွေရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ကျောက်ဖြူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောက်ဖြူဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသလုံခြုံအခြေအနေများကို ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များရှိပါကလည်း ဆွေးနွေးတင်ပြပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရနှင့် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ကျောက်ဖြူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသောပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)