ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှုအားပေး

စစ်တွေ ဧပြီ ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး နွေရာသီအားလပ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြေဆိုလျက်ရှိရာတွင် စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့များမှ ကျောင်းသား၊ ကျောင်းသူများ စုစည်း၍ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် နွေရာသီအားလပ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နွေရာသီအခြေခံအား ကစားသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း နွေရာသီအားလပ်ရက်များ၌ ကရာတေးသင်တန်း၊ ကြက်တောင် ရိုက်သင်တန်း၊ ဘော်လီဘောသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများကို တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများကို အခြေခံနည်းစနစ်များ ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ လမ်းမှားမရောက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါး အန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် အားလပ်သော အချိန်တွင် သင်တန်းများ အမြဲတမ်း ဖွင့်လှစ်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂါတ်နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးဝင်းမောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဇော်ထွန်းတို့က ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)