ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ   ဧပြီ   ၂၂

ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ(၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန် ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို ၁၃၈၅ ခုနှစ်၊ တန်းခူးလပြည့် ကျော် ၅ ရက်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဥပဒေဖြင့် အတည်ပြုခဲ့ပြီး အဆိုပါဥပဒေအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လည်းကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြား လာခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်၊ ဒေသနှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက် နိုင်စွမ်းရှိ၊ မရှိ၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိ၊ မရှိ၊ ပြည်သူများ အတွက် အကျိုးရှိ၊ မရှိ၊ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှ စတင် ပြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသည့် နိုင်ငံပိုင်းအခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းချက်များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန်၊ သတ်မှန်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို အလေးထား ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီး များအတွက် ပြည်နယ်စိုက်ပျိုးရေးဦစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ် ပညာရေးမှူးရုံးတို့အား စီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ အဆိုပါအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းကိုကျင်းပါရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကနှစ်သစ်တွင် ဌာနဆိုင်ရာများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်ဌာနဆိုင်ရာများကလည်း ပြည်နယ်အတွင်း အေးအေးချမ်းချမ်းဖြင့် နေထိုင်သွား ကြစေလိုကြောင်း၊ အားလုံးက မိမိတို့နေထိုင်သောဒေသ၊ မိမိတို့နေထိုင်ခဲ့သောနေရာကို အေးအေးချမ်းချမ်း ဖြစ်စေလိုကြကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများကို ကောင်းကောင်းမွန်မွန်လုပ်ကိုင်ကြစေ လိုကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့က လည်းအတတ်နိုင်ဆုံး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဆက်လက်၍လည်း အခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်းယုံကြည်ပါကြောင်း၊ မိမိတို့ အားလုံး၏ စိတ်ထား ရည်ရွယ်ချက်များသည် မိမိတို့ဒေသကောင်းအောင်၊ ရခိုင်ပြည်နယ်ကောင်းကျိုး၊ မိမိတို့ တာဝန်ယူခဲ့သည့် ဌာနကောင်းအောင်ဆိုသည့် စိတ်ထားဖြင့် ဆောင်ရွက်နေ ကြခြင်းဖြစ်သည့်အတွက် အောင်  အောင်မြင်မြင်ကျော်လွှာနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးအောက်ရှိဌာန၊ အဖွဲ့အစည်းများအနေဖြင့် နှစ်သစ်တွင်လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများသက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနေသည့်အခြေနေများ၊ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်အခြေ အနေများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)