ကျောက်ဖြူမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဖြူ  ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညနေ (၆) နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွိုင့်အနီးမဏ္ဍပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဏ္ဍပ်ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေမင်းသူနှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟံစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ရောက်အားပေးချီးမြှင့်ပြီး ယိမ်းအကအလှ လှပျိုဖြူလေးများက သင်္ကြန်တေးသီချင်းများ၊ တေးသံရှင်အဆိုတော်များမှ မြူးမြူးကြွကြွခေတ်ပေါ်တေးသီချင်းများ၊ ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးကြရာ ကြည့်ရှုသူပရိတ်သတ်များမှ တခဲနက်ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြသည်။

ထို့နောက် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည့် ဌာနဆိုင်ရာယိမ်းအဖွဲ့ (၆)ဖွဲ့တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမြန်မာမဟာသင်္ကြန်ပွဲတော်အား “သင်္ကြန်မိုး”သီချင်းဖြင့် ယိမ်းအလှအဖွဲ့များက ကပြဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း