စစ်တွေ ဧပြီ ၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအားကွင်း ဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးချစ်က သံတွဲခရိုင်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ရှင်းလင်းတင်ပြပြီး သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့မှ မြို့မိ၊ မြို့ဖများက ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ် အေးချမ်းမှုရှိရန်လိုအပ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှ ထိုဒေသဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း၊ တနည်းအားဖြင့် တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း ဒေသတည်ငြိမ်အေးချမ်းမှုရှိမည်ဖြစ်ကြောင်း၊ သံတွဲခရိုင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ကွင်းဆင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအသိပညာရေး ဟော ပြောခြင်း ဆောင်ရွက်နေကြသကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများကလည်း ကျေးရွာများသို့ ကွင်းဆင်းကာ ပြည်သူများနှင့် ထိတွေ့ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း အချင်းချင်းချိတ်ဆက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆန်စပါး အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ ရေထွက်ကုန် ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ ရိုးရာရက်ကန်းလုပ်ငန်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစားပေးထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍများတွင်လည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအစီအစဉ်များနှင့် MSME ချေးငွေများကို ဦးစားပေးပံ့ပိုးပေးရေး အစီအစဉ်များကို ရေးဆွဲဆောင်ရွက်သင့်ကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအနေဖြင့်လည်း MSME လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်ပေးကြစေလိုကြောင်း၊ အလားတူ ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား လှည့်လည်ကြည့်ရှုအားပေး စကားပြောကြားကာ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်မြေခံတပ်ရင်းသို့ သွားရောက်၍ မိမိသဘောဆန္ဒအလျောက် ပြည်သူ့စစ် သင်တန်းတက်ရောက်နေကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်မြေခံတပ်ရင်းခန်းမ၌ သံတွဲတပ်နယ်မှ တပ်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် သံတွဲခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လာရောက်စဉ် ယခုကဲ့သို့တပ်ဖွဲ့ဝင်မိသားစုများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ယခင်အချိန်က တပ်မတော်သား တစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစုများအား လေးစားဂုဏ်ယူပါကြောင်း၊ တပ်မတော်သားများက မိမိတို့တာဝန်ကို ထမ်းဆောင်နေကြသကဲ့သို့ တပ်ဖွဲ့ဝင် မိသားစုဝင်များကလည်း အခြားသောတာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ ထို့ကြောင့် တပ်မတော်အကြီးအကဲကလည်း တပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစုများအား အမြဲတမ်းဂုဏ်ပြု ချီးမြှင့်လျက်ရှိကြောင်း၊ အကြီးအကဲများ၏ သွန်သင်ဆုံးမမှုများကို အမြဲတမ်းနာယူလျက်ရှိကြကြောင်း၊ တပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် မိသားစုသဖွယ်၊ ညီအစ်ကိုမောင်နှမသဖွယ် နေထိုင်သွားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ပေးအပ်ရာ သံတွဲတပ်နယ်မှ တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)