စစ်တွေ မတ် ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV SUN SHINE သင်္ဘောဖြင့် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် MV SUN SHINE သင်္ဘောတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် စစ်တွေမြို့အား ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် မီးစက်ကြီး နှစ်လုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ အမ်ဗွီ ရွှေသုဝဏ်သင်္ဘောဖြင့် ရောက်ရှိလာသော စားသောက်ကုန်များပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်း မပြုစေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
MV SUN SHINE သင်္ဘောတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ စစ်တွေမြို့အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သောပစ္စည်းများ စုစုပေါင်း ၁၅၆၁ ဒသမ ၄၆ တန် တင်ဆောင်၍ စစ်တွေမြို့ သို့ရောက်ရှိလာခြင်းဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကိုပို့ဆောင်ပေးလျက်ရှိရာ ယခုဆိုလျှင် သုံးကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)