စစ်တွေ မတ် ၁၉
၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင်စာချဆရာတော်များ၊ ဝိပသနာဓုရပဋိပတ္တိဝန်ဆောင်ကမ္မဋ္ဌာန်း နည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော် ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့ လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ရာ ရခိုင်ပြည်နယ် ဆရာတော်သံဃာတော် (၁၅)ပါး အလှူခံရရှိခဲ့ကြောင်း၊ ထိုသို့ဆက်ကပ် ချီးမြှင့်အပ်နှင်းခြင်းခံရရာတွင် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် (၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်(၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ(၃)ပါး၊ ဂန္ထဝါစကပဏ္ဍိတ(၂)ပါး၊ မဟာ သဒ္ဓမ္မဇောတိကဓဇ (၃)ပါး၊ သဒ္ဓမ္မဇောတိကဓဇ(၄) ပါးတို့ ဆက်ကပ်ချီးမြှင့်ခြင်းခံရခဲ့ကြောင်း၊ အဘိဓဇမဟာရဋ္ဌ ဂုရု ဆရာတော် (၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော်(၂)ပါးတို့မှာ နေပြည်တော်၌ ဆက်ကပ် လှူဒါ န်းမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မတ်လ၂၄ ရနေ့ တပေါင်းလပြည့်နေ့တွင် ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရမည့် ဆရာတော်များအား လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် လုပ်ငန်းလို အပ်ချက်များရှိပါက ဦးစီးကော်မတီသို့ အချိန်မီ တင်ပြပေးရန်နှင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့်လည်း ကော်မတီအလိုက် ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
တင်ထွန်း(ပြန်/ဆက်)