အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်​မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း  မတ် ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကလေးနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များ စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်းသား၊ကျောင်းသူ လူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပေးခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့သန်းကြွယ်သဌေးကြီး လီကာရှင်းရဲ့မှတ်မှတ်သားသားစကားများမှ လူတိုင်းလျှောက်လှမ်းရမည့်လမ်းနှစ်လမ်းမှ လျှောက်ကိုလျှောက်ရမည့်လမ်းနှင့် ကိုယ်လျှောက်ချင်တဲ့ လမ်းအကြောင်းအရာများနှင့် စာရေးဆရာ ပီမိုးနင်းရေးသားသည့် ဘာကြောင့် စာဖတ်သလဲ ဆောင်းပါး၊ စာရေးဆရာမြင့်လှိုင်စိုး ရေးသားသည့် စာအုပ်စာပေထဲက အကျင့်နှင့်စာရိတ္တ၊ စာရေးဆရာထက်မြက်ရေးသားသည့် စာဖတ်ခြင်းအကျိုး ဆောင်ပါးပါအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေမြတ်နိုးသူ မောင်မိုးစက်၊ မလဲ့လဲ့ဝင်း၊မမြသက်ဝေ၊ မသဇင်စုပိုင်၊ မသန္တာဖြိုး၊ မတင်တင်မိုးတို့က ဘာကြောင့်စာဖတ်သလဲ၊ စာအုပ်စာပေထဲက အကျင့်နှင့် စာရိတ္တ၊ စာဖတ်ခြင်း အကျိုးဆောင်းပါးပါအကြောင်းအရာများမှ သိရှိလိုသည်များ မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖြေကြားဆွေးနွေး‌ခဲ့သည်။

ထို့နောက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိဦးစန်းဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပါအကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူလူငယ်များအားရှင်းလင်းပြောကြားခဲ့ရာ စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုကြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)