အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း မတ် ၁၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနံရံကပ်စာစောင်ပြပွဲကို  ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည့် အယ်လ်နီညို အကြောင်းသိကောင်းစရာဖြစ်သည့် ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်၀န်း ပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေပြင်အပူချိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့်ဆက်စပ်သော လေထုနှင့် ရေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာ၀န်းကျင် ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေ၀သ အခြေအနေ၊ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါကြောင်း‌ ဆွေးနွေးပြောကြားပြီး အယ်လ်နီညိုနှင့် ကျန်းမာရေးပြဿနာဖြစ်သည့် အပူချိန်မြင့်မားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အပူရှပ်ခြင်း၊ မျက်ခမ်းစပ်ရောဂါနှင့် မျက်စိနာအမျိုးမျိုး၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးတိုးခြင်း၊ ချွေးထွက်လွန်၍ သွေးပေါင်ကျခြင်း၊ ရေကျောက် ရောဂါ၊ အပူ၀မ်း ရေငတ်၀မ်းကျခြင်း၊ အရေပြားရောဂါအမျိုးမျိုး၊ အထက်လန်အောက်လျှောဖြစ်ခြင်းစသည်တို့ ဖြစ်လာနိုင်ပါကြောင်း၊ နေပူစပ်ခါး မဖြစ်မနေ သွားလာရသည့်အခါ ကျန်းမာ ရေး အသိစိတ်ဓာတ်ဖြင့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အပူမစုပ်ဘဲ အရောင်ပြန်နိုင်သော အရောင်ဖျော့ဖျော့ ချည်သားလက်ရှည်အ၀တ်အထည်တို့ကို ၀တ်ဆင်သင့်ပါကြောင်း၊ ခန္ဓာကိုယ်အတွင်း အပူငြိမ်းအေးစေမည့် အအေးစာလေးများ ဖြစ်ကြသည့် သောက်ရေ၊ ဖရဲ၊ သခွား၊ ပူစီနံရွက်၊ မုန်လာဥအဖြူ၊ နှမ်း၊ စမုံစပါး၊ အန်းစိမ်းရည်၊ သလဲသီး၊ ပဲနံ့သာပင်အစေ့၊ နွားနို့၊ သံပုရာရည်စသည်တို့ကို စားသောက်ပေးသင့်ပါကြောင်း၊ အယ်လ်နီညို၏နောက်ဆက်တွဲ ပူပြင်းခြောက်သွေ့မှုကြောင့် ရေရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်၍ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်ခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်ပေးစက်ရုံကြီးများမှာလည်း သတ်မှတ်ရေပမာဏ မရရှိနိုင်တော့သဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ရန် ခက်ခဲလာပါလိမ့်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ သည်။

ယင်းနောက် အမ်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများအား ကျောင်းသားကျောင်းသူလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

မြို့နယ်ပြန်ဆက်