စစ်တွေ မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကျိန္တလီမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၁၇) ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၉.၁၄၅၂) ရာခိုင်နှုန်း၊ မြစ်သားမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၁၃)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၀)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၈) ရာခိုင်နှုန်း၊ ဂွမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၆၂) ဦး၊ သံတွဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၉၃) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၃၂)ဦးနှင့် ဖြေဆိုမှု (၉၇.၁၆) ရာခိုင်နှုန်း၊ ငပလီမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၂၂) ဦး၊ ဖြေဆိုရန်ပျက်ကွက် (၁၉) ဦး၊ မာန်အောင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၉၃) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၃၃)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၇၃)ရာခိုင်နှုန်းနှင့် တောင်ကုတ်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း(၁၁၉၂)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၃၄)ရာခိုင်နှုန်းတို့ဖြင့် အသီးသီးဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)