သံတွဲ မတ် ၁၂
တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-ကင်းမော်၊ အ.ထ.က-ငပလီ၊ အ.ထ.က(ခွဲ) လင်းသာ၊ အ.ထ.က(ခွဲ)မြို့မတို့တွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၁၁၂၅)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁၀၉၃)ဦးရှိပြီး ပျက်ကွက်သူ (၃၂)ဦး ရှိသဖြင့် ၉၇.၁၆% ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)