ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

ကျောက်ဖြူ   မတ်  ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာန(၁၂)ခုရှိသည့်အနက် အင်္ဂလိပ်စာဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင်ဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၅၂၅)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၁၄၈) ဦး၊ ပျက်ကွက် (၃၇၇) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၅.၂၈)ရာခိုင်နှုန်းရှိကာ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၂၂) ဦး၊ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၀၆)ဦး၊ ပျက်ကွက်(၅၁၆)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၁၇.၀၄)ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ခရိုင်အတွင်းဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၂၅၄)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ် (၂၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)