ကျောက်ဖြူ မတ် ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က စာဖတ်ဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် စာရေးဆရာ ဝေယံလင်းထက်က “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာပိုဒ်ပါအကြောင်းအရာများထဲမှ စွန့်စားမှုကိုရယူလိုချင်ပါက ခြေတစ်လှမ်းဖြင့်စတင်ရပါကြောင်း၊ ဘဝတွင် လူတိုင်းအခက်အခဲမျိုးစုံကြုံတွေ့နိုင်ပြီး ၎င်းအခက်အခဲများကို မငြင်းဆန်ဘဲ ကြိုးစားသင့်ကြောင်း၊ ကျွန်တော်တို့သည် သမားရိုးကျနေနည်းများတွင်သာ မွေ့လျော်ပြီး အသစ်အဆန်းကို စမ်းသပ်ကြည့်ရန် နည်းပါးခဲ့ကြပါကြောင်း၊ အရိုးစွဲနေသည့် ဓလေ့ထုံးစံထဲမှ ခြေတစ်လှမ်းအရှေ့ကိုတိုးလိုက်ခြင်းဖြင့် သက်တံ့ကြီး၏ အဝေးတစ်ဘက်တွင်ရှိသော နေရာတစ်ခုဆီကို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် စာရေးဆရာ မောင်ငယ်သစ်(သံတွဲ)က စာအုပ်ပါခေါင်းစဉ်များထဲမှ “ထိုတစ်ည” စာပိုဒ်ပါအကြောင်းအရာများအားလည်းကောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး Book Club အဖွဲ့ဝင်များဖြစ်သည့် မောင်မြသန်းထွန်းက “စကားပြောဖို့ခလုပ်နှိပ်ပါ”၊ မောင်အောင်ဖြိုးလင်းက “နှုတ်ဆက်ခွဲခွာ”၊ မဆုရတနာအောင်က “သနားကြင်နာမှုသည်သာ” စသည့် စာအုပ်၏စာပိုဒ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အပတ်စဉ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)