သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

သံတွဲ  မတ်  ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-ကင်းမော်၊ အ.ထ.က-ငပလီ၊ အထက(ခွဲ) လင်းသာ၊ အ.ထ.က(ခွဲ)မြို့မတို့တွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၁၁၂၅)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁၀၉၄)ဦးရှိပြီး ပျက်ကွက်သူ (၃၁)ဦးရှိသဖြင့် ၉၇.၂၄% ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုအနှောက်အယှက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်မိ ရပ်ဖများပူးပေါင်း၍ စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)