နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာ ဘရွှေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

စစ်တွေ ဖေဖော်ဝါရီ  ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်းက AA လက်နက်ကိုင်အဖွဲ့၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်နှင့် မြို့ ၇ မြို့တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရမှုအခြေအနေ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသော မြို့နယ်နှင့် မြို့များမှ ဌာနဆိုင်ရာ ဝန်ထမ်း ၈၈၄ ဦးနှင့် အတူနေမိသားစု ၉၀၁ ဦးတို့သည် စစ်တွေမြို့သို့ ယာယီလာရောက် တိမ်းရှောင်ခိုလှုံလျက်ရှိမှုနှင့် အခြားသောဝန်ထမ်းများမှာလည်း နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်ခိုလှုံနေလျက်ရှိမှု၊ ပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးခေါ်ဆောင်သွားမှု၊ နိုင်ငံပိုင်ယာဉ်၊ ယန္တရားများ ဌာနဆိုင်ရာများမှ ရုံးသုံးပစ္စည်းများနှင့် ပရိဘောဂများကို အဓမ္မယူဆောင်လျက်ရှိမှု၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ  စက်သုံးဆီနှင့်  စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးလျက်ရှိမှု၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ Grade – 5၊ Grade – 9၊ Grade – 12 နှင့် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှုနှင့် ဒေသခံတောင်သူများ မိုးစပါး အချိန်မီရိတ်သိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေသခံပြည်သူများ၏အခြေအနေ၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ အခြေအနေများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ အခြေအနေများ၊ ဆက်သွယ်ရေးလမ်းကြောင်းအခြေအနေ၊ လေကြောင်းလိုင်းများအခြေအနေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေက မိမိအပါအဝင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ရှမ်းပြည်နယ်ခရီးစဉ်မှ ပြန်ရောက်ပြီး ရောက်ရောက်ချင်း ရခိုင်ပြည်နယ်သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိမိအနေဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ဒေသအခြေအနေများကို လေ့လာသည့်အခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊  မြို့နယ်အသီးအသီးသို့ ကွင်းဆင်းသည့်အခါတွင်လည်း ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးအောင်မြင်နေမှုကို တွေ့ခဲ့ရကြောင်း၊ ထိုသို့အောင်မြင်ဖြစ်ထွန်းနေမှုများကို တွေ့ရခြင်းမှာလည်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိခရီးစဉ်တွင် ဒေသခံပြည်သူများ၊ တောင်သူများ၏ တင်ပြချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် ယခင်အခြေအနေများနှင့်မတူ ပြောင်းလဲလျက်ရှိနေသည်ကို တွေ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ရခိုင်ပြည်နယ်ကို များစွာအလေးထားလျက်ရှိကြောင်း၊ ပညာရေးအနေဖြင့်ဆိုလျင်လည်း ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ပညာရေးဖွံ့ဖြိုးမှုကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလားတူ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ ရောက်ရှိပြီးဖြစ်သော ဆေးဝါးများကိုလည်း သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လူစွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ၊ မေးခွန်းလွှာများ သယ်ပို့ခြင်းလုပ်ငန်းများကို လုံခြုံရေးအသိဖြင့် အထူးစီစဉ်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိလျှင် လုံခြုံသောနေရာများကို ပြောင်းရွှေ့နေထိုင်ကြရသည်ကိုလည်းကြားသိရကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးစပြုနေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ယခုခရီးစဉ်တွင် ဌာနဆိုင်ရာများ၏ အခက်အခဲများ၊ ဒေသပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်အကြီးအကဲထံသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခတစ်ခုသည် မပြီးဆုံနိုင်သောအကြောင်းအရာမရှိကြောင်း၊ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျှင် ကောင်းမွန်သော အဖြေတစ်ခုကို ရရှိနိုင်ကာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိသည် ရခိုင်လူမျိုးတစ်ယောက်ဖြစ်သည့်အတွက် ရခိုင်လူမျိုးများ၏ အမျိုးသားရေးကို အလေးထားကြောင်း၊ အလားတူ ပြည်ထောင်စုတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး၏အရေးကိုလည်း အလေးထားဆောင်ရွက်ပါကြောင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးတစ်ယောက်ချင်းကအစ အကြံကောင်း အဉာဏ်ကောင်းများပေးနိုင်ကြကြောင်း၊ ယခုရောက်ရှိလာကြသော မိမိအပါအဝင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်လူမျိုးများဖြစ်ခြင်းကြောင့် ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြမည့်သူများကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)