အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်

ကျောက်ဖြူ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းကာ  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါနည်းပညာကောလိပ်ရှိ စုဝေးဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ယခုဖွင့်လှစ်သည့် သင်တန်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူမြို့နယ်တွင် နေထိုင်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်ပြီး လိုအပ်သောဆက်စပ်လုပ်ငန်းများတွင် အသုံးဝင်နိုင်မည့် ကာလတိုသက်မွေးပညာသင်တန်းဖြစ်ကြောင်း၊ ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျောက်ဖြူခရီးစဉ်တွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ရာတွင် လူတိုင်းသည် မိမိဒေသ၊ တိုင်းပြည်အခြေအနေနှင့် ကိုက်ညီပြီး ဖြစ်နိုင်သည်၊ ဖြစ်သင့်သည်များကို တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့်ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတို၊ ရေရှည်တွက်ချက်၍ ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်လည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်းနှင့် လူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သော စာတွေ့၊ လက်တွေ့သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ကာလတိုသင်တန်းပို့ချပေးမည့် ဆရာ၊ဆရာမများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါကာလတိုသင်တန်း၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၃) ဦး၊ ကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ (၇၀) ဦး၊ ဂဟေဆက်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၂) ဦး၊ အခြေခံအုတ်စီ (ပန်းရံ) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၃) ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၂၈)  ဦးတို့မှ တက်ရောက်သင်ယူလျှက်ပြီး သင်တန်းကာလမှာ (၁၀-၂-၂၀၂၄) ရက်နေ့မှ (၇-၄-၂၀၂၄)ရက်နေ့အထိ သင်တန်းနည်းပြများမှ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)