နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများ အားဖူးမြော်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

စစ်တွေ ဖေဖော်ဝါရီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် အဖွဲ့သည် နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့သွားရောက်ပြီး စာသင်တိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ရာ၌ ဆရာတော်ကြီးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များတွင် အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက်စကားနှင့် လက်ရှိရခိုင်ပြည်နယ်အတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုအခြေအနေများကို လျောက်ထားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်များသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို လျှောက်ထားခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများ၏အခြေအနေများကြောင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့နေရပ်ကိုစွန့်ခွာပြီး စစ်တွေမြို့နှင့် တခြားနီးစပ်ရာ ကျေးရွာများတွင် တိမ်းရှောင်ခိုလှုံနေလျက်ရှိနေသည်ကို စိတ်မကောင်းစွာကြားသိရပါကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်၏အခြေအနေသည် ယခင်အခြေအနေများနှင့်မတူ ပြောင်းလဲလျက်ရှိနေသည်ကို တွေ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ရခိုင်ပြည်နယ်ကို များစွာအလေးထားလျက်ရှိကြောင်း၊ နိုင်ငံတော်နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြေညာထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ များစွာဒုက္ခရောက်လျက်ရှိနေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကို တွေ့ဆုံလျက်ရှိကြောင်း၊ ယခုတက်ရောက်လာကြသော  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များကလည်း မိမိတို့အတွေ့အကြုံကို ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း၊ ပြည်သူများ၏သဘောထားများကို သိရှိမှနိုင်ငံ တော်အကြီးအကဲက အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားညီအကိုများ၏ တင်ပြချက်များကို နိုင်ငံတော်အကြီးအကဲထံ တင်ပြသွားမည်ဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြစေလိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများအခြေအနေအပေါ်တွင် မိမိ၏အမြင်ကို ဆွေးနွေးတင်ပြကြစေလိုကြောင်းပြောကြားသည်။

 ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များက လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသော မြို့နယ်များတွင် ဖြစ်ပေါ်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေသောအခက်အခဲများနှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူ များကြုံတွေ့နေရသည့် အခက်အခဲများကိုဆွေးနွေး တင်ပြကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရခိုင်ပြည်နယ်၏လက်ရှိဖြစ်ပေါ်နေသော အခြေအနေပေါ်တွင် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ မိမိတို့နေထိုင်ရာ နေရာ၊ ကျေးရွာများတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် မိမိတို့အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရစက်သုံးဆီနှင့် စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးလျက်ရှိမှု၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်ရောက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သကဲ့သို့ တည်ငြိမ်အေးချမ်းမှုရှိမှလည်း ထိုဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့အတွက်ကြောင့် တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေမှု၊ တိုင်းရင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှု၊ ရိုးရာဓလေ့၊ အထိမ်းအမှတ်ပွဲများအတွက် ကူညီဆောင်ရွက်ပေးနေမှု၊ မိမိတို့ဒေသများတွင် စာပေယဉ်ကျေးမှုများအပြင် ပညာရေး၊ ကျန်းမာရေးကိစ္စများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိကလည်း မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြစေ လိုကြောင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းများ၏အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေး၊ ငြိမ်းချမ်းရေးပြန် လည်ရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားများ၏အခွင့်အရေးများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးများကို တာဝန်ပေးအပ်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ကူညီဆောင်ရွက်ပေးနေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားကြ သည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက တိုင်းရင်းသားမျိုးနွယ်စုများ၏ ရင်ထဲကဖြစ်ပေါ်လာသော အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် တင်ပြချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြကာ ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)