ကျိန္တလီ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ စိုက်ပျိုးထားသော ကွမ်းခြံများမှ ကွမ်းများကို ဖေဖော်ဝါရီလ ပထမပတ်တွင် ရောင်းရချိန်၌ စျေးကောင်းရရှိကြောင်းသိရသည်။
ကွမ်းစိုက်ပျိုးရေးလုပ်ငန်းသည် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကာ ကွမ်းစိုက်မည့်မြေကို နောက်ချေး (နွားချီး) နှင့် မြေဆွေးအရောတို့ကို ထည့်ပြီးနောက် နှံ့စပ်အောင် ထွန်ယက်ပေးရမည်။ ထို့နောက် ၅ ရက်ခန့်ထားကာ မြောင်းဘောင်ပြုလုပ်ရမည်။ မြောင်းဘောင်ပြုလုပ်ရာတွင် အကျယ် (၁၀-၁၄) လက်မခန့်၊ အမြင့် (၈-၁၀) လက်မခန့် ပြုလုပ်ကာ စိုက်ပျိုးရမည်။ မြောင်းဘောင်ပေါ်တွင် ကွမ်းပင်တိုင်အဖြစ် ဝါးတိုင်(သို့မဟုတ်) သစ်သားတိုင်များကို မြောင်းဘောင်တစ်ဖက်လျှင် နှစ်တိုင်နှုန်း ပင်ကြား (၆-၈) လက်ခန့်ထားပြီး တိုင်များကို ၈ လက်မ အနက်ရောက်သည်အထိ စိုက်တူးထားရပြီး ကွမ်းညွှန့်များစိုက်ပျိုးရာတွင် ကွမ်းညွှန့်ကိုကိုင်ကာ မြေကြီးအားလက်နှင့်ယက်ပြီး အပေါ်မှမြေဖုံးပြီး စိုက်ပျိုးရသည်။ ကွမ်းညွှန့်စိုက်ပျိုးပြီးနောက် ကွမ်းခြံအား နေ့တိုင်းရေလောင်းပေးရမည်ဖြစ်ကြောင်းနှင့် ကွမ်းရွက်များကို ခူးဆွတ်ရာတွင် တစ်လလျှင် နှစ်ကြိမ်ခူးဆွတ်ရကြောင်း ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ကွမ်းခြံပိုင်ရှင် ဦးဇင်သိန်းအောင်ထံမှ သိရှိရပါသည်။
ကျိန္တလီမြို့၌စိုက်ပျိုးထားသော ကွမ်းရွက်များမှာ လက်ရှိစျေးအနေဖြင့် ၁ပိဿာလျှင် ငွေကျပ် (၂၃၀၀ဝိ/-) စျေးဖြင့် ကျိန္တလီမြို့စျေး၌ ရောင်းချခြင်းဖြင့် ကွမ်းခြံပိုင်ရှင်များ စျေးကောင်းရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်းသိရှိရပါသည်။
ထက်မြက်