ကျောက်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ   ဖေဖော်ဝါရီ  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က အစိုးရရပ်ကွက်၊ တောင်ရင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်နှင့် ကုလားပိုက်ဆိပ်ရပ်ကွက်များသို့ သွားရောက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းအဖြစ် GIS နည်းပညာဖြင့် Mobile Tablet ကိုအသုံးပြုကာ အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ခရိုင်နည်းပညာအဖွဲ့မှ ပံ့ပိုးကူညီ လျက်ရှိသည်။ ကျောက်ဖြူမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်ရှိပြီး အရှေ့ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့မှ ကောက်ကွက်(၃)ကွက်အား ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ယင်းသို့ ဆောင်ရွက်နေမှုအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဖြူမြို့နယ်၌ ကောက်ကွက်(Census Unit) ၆၃ ကွက်အား အဆောက်အအုံစာရင်း တင်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မတ်လကုန်အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း