စစ်တွေ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုပြီး ဟင်းသီးဟင်းရွက်များစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့မှ ဝန်ထမ်းများ၏အိမ်ရာအား သွားရောက်ကြည့်ရှုကြပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ထို့နောက်ဝန်ထမ်းများ၏ တပိုင်တနိုင် ဟင်းသီးဟင်းရွတ် စိုက်ခင်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာရေးအတွက် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့ အ.ထ.က(၁) စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (၁၁၄’x၂၃’) RCC (၂)ထပ်ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက် သွားကြရန် မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)