စစ်တွေ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များတွင် ကျောင်း သား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံကာ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချပေးမှုကို လေ့လာမှတ်သားကာ မိမိတို့ဘဝတိုးတက် ရေးအတွက် ကြိုးစားသင်ယူမှတ်သားကြရန် အားပေးစကားပြောကြားကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော စာသင်ဆောင်များနှင့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အဝင်၊ တက္ကသိုလ်ပင်မဆောင်တို့အား ပြန်လည်ပြုပြင်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်အစည်းအဝေးခန်းမတွင် တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော် အကြီးအကဲက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အားနည်းမှုမရှိစေရေးနှင့် ဆရာ၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများကို သက်ဆိုင်ရာဒေသများမှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ပညာရေးကို မထိခိုက်စေရေးအတွက် စာသင်ကျောင်းများကို တတ်နိုင်သလောက် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းမြင့်တက်စေရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပညာရည်မြှင့်တင်ရေးတို့ကို ဝိုင်းဝန်းအားပေး ဆောင်ရွက်ရန် မှာကြားထားကြောင်း၊ ထိုသို့မှာကြားခြင်းသည် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကို အလေးထားဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိုခါမုန်တိုင်းတွင် ထိခိုက်ပျက်စီးမှုများ များစွာရှိခဲ့သော်လည်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ရက်တိုတိုအတွင်း ကျောင်းများဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင်းလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးသွားပြီဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတိုပြည်နယ်အတွက် နိုင်ငံတော်အကြီးအကဲသည် များစွာအလေးအနက်ထား ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုအခါ အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုရမည့်အချိန်ကာလရောက်ရှိ နေသကဲ့သို တက္ကသိုလ်တွင်လည်း ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီဖြင့် တက်ရောက်သင်ကြားကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးထိခိုက်မှုမရှိစေရေး၊ ဆရာ၊ ဆရာမများ၏ သက်သာ ချောင်ချိရေးတို့အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကျောင်းတက်ရောက်ရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဆက်အသွယ်ရယူကာ လိုအပ်ချက်များကို အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊ တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးမည့်အစီအမံများ၊ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနေမှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ကြားနေမှုနှင့် ကျောင်းတက်ရောက်ရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆက်သွယ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)