ရမည်းသင်း ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြို၊ မိုး၊ ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် ဆီထွက်သီးနှံနေကြာကို (၅၅၂၂၆) ဧကစိုက်ပျိုးရန်လျာထားပြီး (၅၅၃၂၉)ဧကထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် (၁၀၀.၁၉)ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင်အတွင်း နေကြာစိုက်ပျိုးရန်မြေဧရိယာများကို လျာထားချက်ပြည့်မှီရေးနှင့် အထွက်နှုန်းတိုးတက်စေရေးအတွက် ရေ၊ မြေ ဒေသရာသီဉတုနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိရာ ယခုနှစ်တွင် ရေဆင်းစပ်မျိုးနေကြာ (၁)မျိုးစေ့ထုတ် (၃၆၅)ဧကနှင့် ဆင်းရွှေကြာ(၂)မျိုးစေ့ထုတ် (၃၄၆)ဧကကို စိုက်ပျိုးထုတ်လုပ်နိုင်ကာ အဆိုပါမျိုးစေ့ထုတ် စိုက်ခင်းများမှ ထွက်ရှိလာသည့် မျိုးစေ့များအနက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးအစီအစဉ်ဖြင့် (၁၇၅၈)တင်း ပြန်လည်စုဆောင်း၍ လာမည့် စိုက်ပျိုးရာသီတွင် (၇၀၃၂)ဧကကို တောင်သူများ စိုက်ပျိုးနိုင်ရန် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရမည်းသင်းခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု(၁၄)အုပ်စုရှိ တောင်သူ(၁၁၄၅)ဦးဖြင့် ဆီထွက်သီးနှံနေကြာ(၂၄၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ဇော်ဝင်းအောင်