ဂွမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ဂွ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့၊ နေ့လယ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့သစ်အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  အ.ထ.က (ဂွ)မှ ကျောင်းသူတစ်ဦးက တစ်ပင်တိုင် အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်အောင်က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ ကဏ္ဍအသီးသီး၌ ထူးချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအုပ်ဆရာမကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁)အခြေခံ ပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသူများက "နှလုံးသားကို အလှဆင်ပါ" တေးသီချင်း အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်